Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

14 January 2014

Google နှင့် Facebook တို့ ပြည်တွင်း၌ ဆာဗာများ အထိုင်ချ လာနိုင်ဖွယ်ရှိ

ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီကြီးများ ဖြစ်ကြသည် Google နှင့် Facebook တို့ကပြည်တွင်း၌ ဆာဗာအထိုင်ချခြင်း ပြုလုပ်လာနိုင်ဖွယ် ရှိကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနမှ စုံစမ်းသိရသည်။
 
အဆိုပါ နည်းပညာ ကုမ္ပဏီကြီးနှစ်ခုမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ဆာဗာများကို အထိုင်ထားခြင်း ပြုလုပ်ရန်အတွက် ဆွေးနွေးနေကြကြောင်း အဆိုပါဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
Google နှင့် Facebook တို့ ပြည်တွင်း၌ ဆာဗာအထိုင်ချမည် ဆိုပါက ထိုကုမ္ပဏီများ၏ ဝန်ဆောင်မှုများသည် ပြည်ပဆာဗာသို့ ဖြတ်ရန်မလိုတော့ဘဲ အင်တာနက် အသုံးပြုမှုမြန်နှုန်းများလည်း ပိုမိုမြန်ဆန်လာမည် ဖြစ်ကြောင်းအထက်ပါ တာဝန်ရှိသူက ဆိုသည်။ “အခုထက်တော့သုံးရတာ ပိုမြန်ဆန်လာမယ်လို့ ထင်ပါတယ်။ နောက်ပြီး သုံးစွဲသူတွေရဲ့ အချက်အလက်တွေကိုလည်း အစိုးရက လိုအပ်ရင်လိုအပ်သလို တောင်းခံကြည့်ရှုမှုတွေ ပိုလွယ်ကူလာနိုင်တယ်” ဟု Google နှင့် Facebook ပြည်တွင်း၌ ဆာဗာအထိုင်ချရန်အတွက် ဆွေးနွေးနေခြင်း အကြောင်းအရာနှင့် ဆက်စပ်၍အင် တာနက်အသုံးပြုသူ အွန်လိုင်းမန်နေဂျာတစ်ဦးက သူ၏ထင်မြင်ချက်ကို ပြောသည်။
 
ယခုကဲ့သို့ အဆိုပါနည်းပညာ ကုမ္ပဏီကြီးနှစ်ခုက မြန်မာနိုင်ငံတွင် ၎င်းတို့၏ဆာဗာအသီးသီးကို အထိုင်ချရန် ဆွေးနွေးနေကြသော်လည်း ဒေတာစင်တာ (Data Centre) သီးသန့်တည်ဆောက်ခွင့် အကြောင်းအရာနှင့် ပတ်သက်၍မူ အတိအကျ သိရှိရခြင်းမရှိပေ။ “သူတို့ဆာဗာတွေ ဒီမှာအထိုင်ချပြီး သူတို့ကိုယ်ပိုင်  ဒေတာစင်တာတွေ တည်ဆောက်မယ်ဆိုရင် ပြည်တွင်းက အင်တာနက် သုံးစွဲမှုနှုန်းတွေ တက်လာမှာပါ။ သူတို့ဒေတာစင်တာနဲ့ သူတို့တည်ဆောက်ခွင့် ရမယ်ဆို သုံးစွဲသူတွေရဲ့အချက်အလက်ကိစ္စက စိုးရိမ်စရာမရှိပါဘူး။ ဒီလိုကုမ္ပဏီကြီးတွေကတော့ သူတို့အခြေခံ အဆောက်အဦနဲ့ သူတို့လုပ်မယ်လို့ပဲ ထင်တယ်။ သူများနိုင်ငံမှာရှိပြီးသား အခြေခံအဆောက်အဦ ပေါ်မှာတော့ သူတို့လုပ်ငန်းတွေကို လုပ်မှာမဟုတ်ဘူး” ဟု ပြည်တွင်းအခြေစိုက် developer တစ်ဦးကလည်း သူ၏ထင်မြင်ချက်ကို သုံးသပ်ပြောကြားသည်။
 
Google နှင့် Facebook နည်းပညာ လုပ်ငန်းကြီးများသာ မြန်မာနိုင်ငံသို့ အခြေချဝင်ရောက်လာခဲ့လျှင် ပြည်တွင်း၊ ပြည်ပမှ Networking Engineer များအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်းပေါ်ပေါက်လာမည် ဖြစ်ကြောင်းကွန်ပျူတာ ပညာရှင်အချို့က ဆိုသည်။
 
သို့သော် သုံးစွဲသူများ၏ေ​ဝဖန်မှုကို အမြဲကြုံတွေ့နေရသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏လက်ရှိ ဝန်ဆောင်မှုများသည် နိုင်ငံတကာ ကုမ္ပဏီများနှင့် ချိတ်ဆက်ရန် အလှမ်းဝေးနေဆဲဖြစ်ပြီး ဝန် ကြီးဌာနပိုင်း၏ လုပ်ငန်းဆောင်ရွက် မှုများကိုပြုပြင် ပြောင်းလဲမှုများ တိတိကျကျ ပြုလုပ်ရန်လည်း လိုအပ်နေသည်ဟု
ပြည်တွင်း၊ ပြည်ပအခြေစိုက် ကွန်ပျူတာပညာရှင် အချို့ကထောက်ပြကြသည်။
ယုဇနကိုကို

အင်‌တာနက်‌ဂျာနယ်‌